မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် China Media Group တို့ ပူးပေါင်း၍ ကမ္ဘာ့ဉာဏ်ရည်တုအဖွဲ့အစည်းနှင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) သည် China Media Group (CMG) နှင့် ပူးပေါင်း၍ “ ကမ္ဘာ့ဉာဏ်ရည်တုအဖွဲ့အစည်းနှင့် ကမ္ဘာ့တောင် ဘက်ခြမ်း ဖွံ့ဖြိုးမှု အခွင့်အလမ်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် MISIS ရုံး၌ ကျင်းပခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု စီမံခန့်ခွဲမှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး အခွင့် အလမ်းများအပေါ် အမြင်များ ဖလှယ်နိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲအား ကျင်းပခဲ့ခြင်း ဖြစ်ပါ သည်။

ဆွေးနွေးပွဲတွင် MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဉာဏ်ရည်တု နည်းပညာသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အလွန်အရေးပါလာကြောင်း အလေးပေး ပြောကြားခဲ့ပါ သည်။ ထို့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နည်းပညာတိုးတက်မှုမှတစ်ဆင့် အကျိုးကျေးဇူး များကို မျှတစွာ ခွဲဝေခံစားနိုင်ရေးအတွက် အားလုံးပါဝင်သော ဉာဏ်ရည်တု စီမံခန့်ခွဲမှုစနစ်နှင့် ပိုမို ကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါ သည်။

ဆွေးနွေးပွဲကို MISIS အမှုဆောင်အဖွဲ့ဝင် သံအမတ်ကြီး ဦးထင်လင်းက Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး MISIS မှ ပညာရှင် (၃) ဦးနှင့် China Media Group မှ ကိုယ်စားလှယ် (၃) ဦးတို့က အဓိကအကြောင်းအရာ (၃)ရပ်ဖြစ်သည့် ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက် မှုအဖွဲ့ (World Artificial Intelligence Cooperation Organization -WAICO)၏ ကမ္ဘာလုံး ဆိုင်ရာ ဉာဏ်ရည်တု စီမံခန့်ခွဲမှု အခန်းကဏ္ဍ၊ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများအတွက် AI နည်း ပညာမျှဝေခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချရပြီး တာဝန် ယူမှုရှိသည့် ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ဉာဏ်ရည်တု စီမံခန့်ခွဲမှု၊ သုတေသနပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာ လွှဲပြောင်းမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း အလေးထားဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် မြန်မာနှင့် တရုတ် သတင်းမီဒီယာများမှ ကိုယ်စားလှယ်များလည်း တက်ရောက်၍ ဆွေးနွေးပွဲသတင်းများကို ရယူဖော်ပြခဲ့ကြပါသည်။

MISIS ဥက္ကဋ္ဌက နိဂုံးချုပ်စကား ပြောကြားရာ၌ China Media Group၊ Moderator ၊ ပါဝင်ဆွေးနွေးသူများနှင့် တက်ရောက်လာသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် ယခု ဆွေးနွေးပွဲသည် MISIS နှင့် China Media Group အကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာစေရုံသာမက ဉာဏ်ရည်တုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အမြင်ချင်း ဖလှယ်မှုများကိုလည်း ဆက်လက်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။