ပထမအကြိမ် အန်ကောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ပါဝင်တက်ရောက်ခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute of Strategic and International Studies – MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်သည် “အိန္ဒိယနှင့် မဲခေါင် ဒေသအကြား ယဉ်ကျေးမှုအမွေအနှစ်နှင့် မဟာဗျူဟာမြောက် ပေါင်းစည်းဆက်နွယ်မှု မြှင့်တင်ခြင်း” (Fostering Civilizational and Strategic Confluence between India and the Mekong Region) ခေါင်းစဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့၌ ၂၀၂၆ ခုနှစ် ဇွန်လ ၆ ရက်တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် အန်ကောဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲကို အိန္ဒိယဖောင်ဒေးရှင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ Asia Vision Institute တို့ ပူးတွဲစီစဉ်ကျင်းပခဲ့ပြီး အိန္ဒိယနှင့် မဲခေါင်ဒေသနိုင်ငံများမှ တွေးခေါ်မြော်မြင်မှုအဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ ဆက်သွယ်ချိတ်ဆက်မှု၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အိန္ဒိယနိုင်ငံ၏ အရှေ့ဘက်အလေးထားဆောင်ရွက်မှုမူဝါဒ (India’s Act East Policy) နှင့် မဲခေါင်-ဂင်္ဂါပူးပေါင်းဆောင်ရွက်မှု (Mekong -Ganga Cooperation – MGC) တို့အပါအဝင် အရေးပါသော ဒေသတွင်းမဟာဗျူဟာမြောက်ကိစ္စရပ်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ဆက်နွယ်မှုများအပေါ် တက်ရောက်သူများက အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။