၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်ဖောင်ဒေးရှင်း (CFPD) တို့ပူးတွဲ၍ မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို မြှင့်တင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း လာမည့်ငါးနှစ်အတွင်း မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တရုတ်ဖောင်ဒေးရှင်း (မြန်မာနိုင်ငံရုံးခွဲ) မှ ညွှန်ကြားရေးမှူး Mr. Huang Guodong နှင့် စီမံကိန်းညှိနှိုင်းရေးမှူး Mr. Zhang Yue ၊ ဖိတ်ကြားထားသည့် သုတေသီများနှင့် ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Ms. Cao Jing တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ဖိတ်ကြားထားသည့် သုတေသီများနှင့် ပညာရှင်များက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းပြမြေပုံဖြစ်သည့် (၁၅) ကြိမ်မြောက် အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု (၅) နှစ်စီမံကိန်းအပေါ် အမြင်များ၊ ကမ္ဘာ့စီးပွားရေးနှင့် မြန်မာ့စီးပွားရေးအပေါ် သက်ရောက်နိုင်မှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းသစ်များကို ဆွေးနွေးခဲ့ကြပါသည်။