(၆)ကြိမ်မြောက် ဘင်းမ်စတက်မူဝါဒဆိုင်ရာပညာရှင်အဖွဲ့များကွန်ရက် အစည်းအဝေးကို မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အိမ်ရှင်အဖြစ်ကြီးမှူး၍ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် ဒါကာမြို့၊ ဘင်းမ်စတက်အတွင်းရေးမှူးရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

အစည်းအဝေး၌ ဘင်းမ်စတက်မူဝါဒဆိုင်ရာပညာရှင်အဖွဲ့များကွန်ရက်အဖွဲ့ဝင်များဖြစ်သည့် Centre for Policy Dialogue (Bangladesh)၊ Royal Institute for Governance and Strategic Studies (Bhutan)၊ Research and Information System for Developing Countries (India)၊ Myanmar Institute of Strategic and International Studies (Myanmar)၊ Centre for Economic Development and Administration (Nepal)၊ Lakshman Kadirgamar Institute for International Releations and Strategic Studies (Sri Lanka)၊ Indian Studies Center of Chulalongkorn University and India Studies Group of Ubon Ratchathani University (Thailand) တို့မှ အသိပညာရှင်များ၊ ဘင်းမ်စတက်အတွင်းရေးမှူးရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ဘင်းမ်စတက်အဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး ကဏ္ဍ၏ ဦးဆောင်နိုင်ငံဖြစ်သည့်အတွက် ယင်းကဏ္ဍတွင် အဖွဲ့ဝင်နိုင်ငံများ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်သင့်သည့် နည်းလမ်းများအား ပညာရှင်များ ရှုထောင့် မှ ဆွေးနွေးနိုင်ရန် “ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုများတွင် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံမှုနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မူဝါဒများ၊ မဟာဗျူဟာများနှင့် အနာဂတ် လမ်းညွှန်ချက်များ” ဘာသာရပ်ခေါင်းစဉ်ဖြင့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့
ရန်ကုန်မြို့
ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်