တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ယန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(Shanghai Cooperation Organization -SCO) ၏ ၂၀၂၅ ခုနှစ်၊ ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးမှုဖိုရမ်နှင့် မိတ်ဖက်မြို့တော်များဖိုရမ်သို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (Myanmar Institute for Strategic and International Studies – MISIS) ဥက္ကဋ္ဌ ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် “ပြည်သူအချင်းချင်း ခင်မင်ရင်းနှီးမှု နက်ရှိုင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် အဆိုပါဖိုရမ်သို့ SCO နိုင်ငံများမှ ကိုယ်စားလှယ်များ၊ နိုင်ငံအချင်းချင်း ချစ်ကြည်ရေးအသင်းများမှ ပုဂ္ဂိုလ်များ၊ ရှန်ယန်းမြို့မှ တာဝန်ရှိသူများ၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသတွင်း တတ်သိပညာရှင်အဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖိုရမ်ကို တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင်၊ ပြည်ပနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးမှုဆိုင်ရာ တရုတ်ပြည်သူများအသင်းနှင့် လျှောင်နင်းပြည်နယ်အစိုးရတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။

ဖိုရမ်ကာလအတွင်း မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းကောင်း ခင်မင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကော်မရှင် (China’s Good-Neighborliness, Friendship and Cooperation Commission of the SCO -GNFCC) တို့အကြား သုတေသနနှင့် မူဝါဒဆိုင်ရာဖလှယ်မှုတွင် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို MISIS ဥက္ကဋ္ဌနှင့် GNFCC ဒုတိယဥက္ကဋ္ဌတို့က လက်မှတ်ရေးထိုးခဲ့ကြပါသည်။

လူငယ်များက ဦးဆောင်သည့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွမ်းအားမြှင့် ကုန်ထုတ်လုပ်မှု ဖိုရမ်ခွဲ၌ MISIS ဥက္ကဋ္ဌက အမှာစကားပြောကြားခဲ့ရာတွင် ကုန်ထုတ်လုပ်မှု နေရာမှသည် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်၌ ကမ္ဘာ့ခေါင်းဆောင်မှုနေရာသို့ တရုတ်နိုင်ငံ၏ ပြောင်းလဲတိုးတက်လာမှုအပေါ် ချီးကျူးပြောကြားခဲ့ပြီး ဉာဏ်ရည်တုနည်းပညာ၊ စက်မှုအသွင်ကူးပြောင်းမှုဖြစ်စဉ်အဆင့် (၄) နှင့် ခေတ်မီကုန်ထုတ်လုပ်မှု အနာဂတ်ကို ပုံဖော်ရာတွင် လူငယ်များ၏ အရေးပါမှုအခန်းကဏ္ဍကို အလေးထားပြောကြားခဲ့ပါသည်။ ဒေတာသိပ္ပံနှင့် 3D ထုတ်လုပ်မှုတွင် လူငယ်များ၏ ကျွမ်းကျင်မှုအရည်အချင်းများသည် တိုးတက်မှု၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်းနှင့် တာဝန်သိစွာဖြင့် လူငယ်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် တတ်သိပညာရှင် အဖွဲ့အစည်းများ၊ အစိုးရများနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လူငယ်တီထွင်ဆန်းသစ်သူများအတွက် အားလုံးပါဝင်သည့် မူဝါဒနယ်ပယ်များ ဖန်တီးပေးနိုင်ရန်လိုအပ်ကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကို ဒေသတွင်းတည်ငြိမ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစရှိသည့် နယ်ပယ်များတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်အတွက် ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့တွင် ချိတ်ဆက်ဆောင်ရွက်မှု၏ အဓိကခြေလှမ်းတစ်ရပ်အဖြစ် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက်နိုင်ငံအဖြစ် ပါဝင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ်အတွက် SCO အလှည့်ကျဥက္ကဋ္ဌတာဝန်ကို တရုတ်နိုင်ငံက ထမ်းဆောင်လျက်ရှိပြီး လာမည့် ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့၌ SCO ထိပ်သီးအစည်းအဝေးအား ကျင်းပသွားရန်ရှိပါသည်။