မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က ဘယ်လာရုစ်သမ္မတနိုင်ငံမှ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့အား လက်ခံတွေ့ဆုံခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံမှ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာ အလက်ဇီ ဘာရှန် ဦးဆောင်သည့် ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၂၅-၁၂-၂၀၂၅ ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စများ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များတွင် အမြင်များဖလှယ်ခဲ့ကြပါသည်။ ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာရေးအဖွဲ့၏ လာရောက်တွေ့ဆုံမှုသည် MISIS နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာစေပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတစ်ရပ်ဖြစ်သည်။