မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်သည် “လူငယ်များ၏ ချိတ်ဆက်မှုဖြင့် အနာဂတ်များအားထုဆစ်ခြင်း” ခေါင်းစဉ်ဖြင့် အိန္ဒိယနိုင်ငံ၊ ဂိုဟာမြို့၌ ၂၇-၈-၂၀၂၅ ရက်မှ ၃၁-၈-၂၀၂၅ ရက်အထိ ကျင်းပသည့် (၅) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ လူငယ်ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးအတွင်း “ဗဟုမဏ္ဍိုင်ပြုကမ္ဘာ၏ ဒေါက်တိုင်များဖြစ်သည့် အိန္ဒိယနှင့် အာဆီယံ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် MISIS ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ အာဆီယံ-အိန္ဒိယ မိတ်ဖက်ဆက်ဆံမှုသည် လူဦးရေ (၂) ဘီလီယံနီးပါးကို ပေါင်းကူးချိတ်ဆက်ပေးသော မျှဝေသည့်အတွေးအခေါ်များ၊ ယဉ်ကျေးမှုများနှင့် ခင်မင်ရင်းနှီးမှုများပေါ်တွင် အခြေခံလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် ကုန်းနယ်နိမိတ် ထိစပ်နေသည့် တစ်ခုတည်းသော အာဆီယံနိုင်ငံဖြစ်ရာ တစ်မူထူးခြားသည့် အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်နောက်ပိုင်း “Operation Brahma” အမည်ဖြင့် အိန္ဒိယနိုင်ငံက အချိန်နှင့်တစ်ပြေးညီ လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ခဲ့မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့ပြင် လူငယ်များသည် ဗဟုမဏ္ဍိုင်ပြုကမ္ဘာ၏ အခြေခံအုတ်မြစ်ဖြစ်ကြောင်း ဥက္ကဋ္ဌက အလေးထားပြောကြားခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို ပုံဖော်ရာတွင် လူငယ်များ တန်းတူညီမျှ ပါဝင်နိုင်ရေးအတွက် “လူငယ်များအတွက်အစီအစဉ်များ” ကို “လူငယ်များနှင့်အတူမိတ်ဖက်ပြုသည့်အစီအမံများ” အဖြစ် ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးကို ခိုင်မာစေမည့် ရေရှည်တည်မြဲသော ခင်မင်ရင်းနှီးမှုကို တည်ဆောက်ရာတွင် လူငယ်ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေး၊ အားလုံးပါဝင်မှုရှိရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်သွားရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စင်္ကြံတစ်ရပ်ဖြစ်သည့် အဆိုပါလူငယ်ထိပ်သီးဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိန္ဒိယနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ် (၇) ဦးစီ ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကာလအတွင်း အပြန်အလှန်နားလည်မှုနှင့် ဆန်းသစ်တီထွင်မှုများ မြှင့်တင်နိုင်ရန်အတွက် မူဝါဒဆိုင်ရာလေ့ကျင့်ခန်းများ၊ ယဉ်ကျေးမှုဖလှယ်မှုများ၊ လေ့လာရေးခရီးစဉ်များနှင့် မိတ်ဆက်တွေ့ဆုံမှု အစီအစဉ်များ ဆောင်ရွက်ခဲ့ကြပါသည်။ မျှဝေမှုရှိပြီး ကြံ့ခိုင်မှုစွမ်းရည်မြင့်မားသည့် အနာဂတ်တွင် အာဆီယံ-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုနှင့် လူငယ်စွမ်းအားတို့ကို မြှင့်တင်နိုင်ရန်တို့အတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထိပ်သီးအစည်းအဝေးကျင်းပရေးကော်မတီ အဖွဲ့ဝင်ဖြစ်သည့် MISIS ဥက္ကဋ္ဌ၏ ပါဝင်မှုအခန်းကဏ္ဍက ထင်ဟပ်ပေါ်လွင်စေခဲ့ပါသည်။