ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးရာအင်စတီကျုတို့အကြား ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာနားလည်မှုစာချွန်လွှာအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါလက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုနှင့် မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့မှ တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။ လာအိုနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. MrBounleua Phandanouvong၊ နိုင်ငံခြားရေးရာအင်စတီကျု၏ ညွှန်ကြားရေးမှူးချုပ် Ms. Vithaya Xayavong၊ အာရှ-ပစိဖိတ်နှင့် အာဖရိကရေးရာဦးစီးဌာန၊ သံတမန်ရေးရာဦးစီးဌာန၊ စာချုပ်များနှင့် ဥပဒေရေးရာဦးစီးဌာနနှင့် သတင်းပြန်ကြားရေးဦးစီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့သည်။
ထိုကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံအဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပထဝီဝင်နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာအကျိုးတူကိစ္စရပ်များအပါအဝင် အခြားနယ်ပယ်ကဏ္ဍများ၌ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများနှင့် အငြိမ်းစားဝါရင့်သံတမန်များအကြား အတွေ့အကြုံ၊ ဗဟုသုတများဆွေးနွေးမျှဝေနိုင်မည်ဖြစ်သည့်အပြင် ပုံနှိပ်ထုတ်ဝေထားသည့် သတင်းဆောင်းပါး၊ သုတေသနစာတမ်းများကိုလည်း နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။