ရေရှည်တည်တံ့သည့် သာယာဝပြောမှုအတွက် အစဉ်ခိုင်မြဲနေမည့် မြန်မာ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) နှင့် အိန္ဒိယဖောင်ဒေးရှင်း (India Foundation) တို့ ပူးတွဲ၍ တတိယအကြိမ်မြောက် မြန်မာ-အိန္ဒိယ ဆွေးနွေးပွဲကို “ရေရှည်တည်တံ့သည့် သာယာဝပြောမှုအတွက် အစဉ်ခိုင်မြဲနေမည့် မြန်မာ-အိန္ဒိယ မိတ်ဖက်ဆက်ဆံရေး” ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် အိန္ဒိယဖောင်ဒေးရှင်းတို့မှ အဖွဲ့ဝင်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သံတမန်များ၊ ပညာရှင်များနှင့် မူဝါဒရေးရာကျွမ်းကျင်သူများ ပါဝင်တက်ရောက်ခဲ့ကြပြီး၊ နှစ်နိုင်ငံအကျိုးစီးပွားဆိုင်ရာ အဓိကနယ်ပယ်များကို ဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ကာလရှည်ကြာ တည်တံ့ခိုင်မြဲနေသည့် ချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။
ဆွေးနွေးပွဲမကျင်းပမီ ၅-၁၁-၂၀၂၅ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur က India House ၌ ကြိုဆိုညစာစားပွဲဖြင့် ဧည့်ခံခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် MISIS နှင့် အိန္ဒိယဖောင်ဒေးရှင်း တို့မှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
၆-၁၁-၂၀၂၅ ရက်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အိန္ဒိယဖောင်ဒေးရှင်း၏ အုပ်ချုပ်မှုကောင်စီအဖွဲ့ဝင် သံအမတ်ကြီး Mrs. Preeti Saran နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က မိန့်ခွန်းများ အသီးသီးပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ MISIS နှင့် အိန္ဒိယဖောင်ဒေးရှင်းတို့အကြား အသိပညာများ စဉ်ဆက်မပြတ်ဖလှယ်နိုင်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့အတွက် မြန်မာ-အိန္ဒိယ ဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုစာလွှာ (Letter of Cooperation) ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
ထို့နောက် ဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြန်မာ-အိန္ဒိယ ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်များကို ထင်ဟပ်စေမည့် ခေါင်းစဉ်ခွဲလေးခုဖြင့် ဆွေးနွေးခဲ့ကြပါသည်။ ပါဝင်ဆွေးနွေးသူများက India’s Act East Policy အောက်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသတွင်းပေါင်းစည်းမှုများကို ချဲ့ထွင်ဆောင်ရွက်မှုမှတစ်ဆင့် စီးပွားရေးနှင့် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုမြှင့်တင်ရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး၊ ရေကြောင်းလုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအပါအဝင် လုံခြုံရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ရာသီဥတုပြောင်းလဲမှုဒဏ် ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိုက်ပျိုးရေးနှင့် မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်၌ အိန္ဒိယနိုင်ငံမှ ပေးအပ်နေသည့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစီအစဉ်များကို အလေးထားဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ၏ နောက်ဆုံးပိုင်းအဖြစ် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ဘုရားဖူးခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ပြည်သူအချင်းချင်း ဆက်ဆံရေးနက်ရှိုင်းစေရန်အတွက် soft power နှင့် ပြည်သူ့ဗဟိုပြု ဆက်ဆံမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန့်ကျော်နှင့် အိန္ဒိယဖောင်ဒေးရှင်း၏ အမှုဆောင်ဒုတိယဥက္ကဋ္ဌ Capt. Alok Bansal တို့က လာမည့် နှစ်များတွင်လည်း ဆွေးနွေးပွဲများနှင့် ပူးတွဲအစီအစဉ်များ ဆက်လက်ပြုလုပ်၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် နိဂုံးချုပ်အမှာစကားများ အသီးသီးပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါသည်။