မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ (၆) ကြိမ်မြောက် မြန်မာ-တရုတ် တတ်သိပညာရှင်ဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ခြင်း
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် MISIS ဥက္ကဋ္ဌက အမှာစကား ပြောကြားခဲ့ရာ၌ (၇၅) နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်သည့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး၏ အခြေခံအုတ်မြစ်သည် အဓွန့်ရှည်တည်တံ့နေသည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးပင်ဖြစ်ကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတို့အောက်၌ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများသည် အလွန်အရေးပါကြောင်း၊ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုပဏာမ အဆိုပြုချက် (GGI) ကို ကြိုဆိုကြောင်း၊ နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သည့် အေးအတူပူအမျှ အနာဂတ်တည်ဆောက်ရာ၌ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ ဒီဂျစ်တယ်တီထွင်ဆန်းသစ်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရမည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အမျိုးသားစည်းလုံးညီညွတ်မှုနှင့် သာယာဝပြောမှုဆီသို့ ရှေ့ရှုသည့် အဓိကခြေလှမ်းတစ်ရပ်အဖြစ် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မြန်မာနိုင်ငံ၏ မဆုတ်မနစ် ဆောင်ရွက်နေမှုတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းစေရေးအတွက် နှစ်နိုင်ငံ ပြည်သူများအကြား ချိတ်ဆက်မှု ခိုင်မာစေရေး” နှင့် “မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းဆီသို့ မြှင့်တင်ရာတွင် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ဆက်သွယ်ချိတ်ဆက်မှု တိုးမြှင့်ရေး” စသည့်ခေါင်းစဉ်တို့ဖြင့် ကျင်းပသည့်ဆွေးနွေးပွဲအစီအစဉ်များတွင် ပါဝင်ဆွေးနွေးကာ အမြင်များဖလှယ်ခဲ့ကြပါသည်။
အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်နှင့် ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး၊ အားကစားနှင့် အခြားဆက်စပ်ကဏ္ဍများတွင် ပြည်သူအချင်းချင်းအကြား ဆက်သွယ်ချိတ်မှု တိုးမြှင့်လာစေရန် ရည်ရွယ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်ပါသည်။



