နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ၁၅-၉-၂၀၂၅ ရက် (တနင်္လာနေ့) မွန်းလွဲပိုင်းတွင် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံစဉ် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြရာ၌ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ပညာရှင်ရှုထောင့်မှနေ၍ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို မြှင့်တင်ရာတွင် လက်တွေ့ကျသည့် အမြင်များနှင့်အတူ ရလဒ်ဦးစားပေးသည့် မူဝါဒဆိုင်ရာ အကြံပြုချက်များပါဝင်သည့် သုတေသနစာတမ်းများ ပိုမိုပြုစုသွားနိုင်ရေး ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ပါသည်။



