U Wynn Lwin
Executive Board Member of MISIS
15 to 18, November, 2023
Mangshi, Yunnan Province of China
Vital Points for the Development of BRI in Myanmar and China- Myanmar Shared Future including Security Issues

မြန်မာနိုင်ငံတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဖွံ့ဖြိုးနိုင်ရေးအတွက် အရေးပါသောအချက်များနှင့် အနာဂတ်ကာလ တရုတ်-မြန်မာ မျှဝေခံစားရေးနှင့် လုံခြုံရေးပြသာနာများ

၁၉၅၄ ခုနှစ်၊ ဇွန်လ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ချစ်ကြည်ရေး မူကြီး (၅) ချက် ပါဝင်သော ပန်ရှီလာ (Pansheela) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။ အလားတူပင် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ယင်းစာချုပ်ကို ချုပ်ဆိုခဲ့ကြပါသည်။ ယင်းစာချုပ်ကို ချုပ်ဆိုရခြင်းသည် မြန်မာ-တရုတ်နယ်နိမိတ်နှင့် တရုတ်-အိန္ဒိယ နယ်နိမိတ်အသီးသီးတို့ကို ချစ်ကြည်ရေးမူကြီး (၅) ချက်ကို အခြေပြုပြီး နှစ်နိုင်ငံ နယ်နိမိတ်အသီးသီးတို့ကို တိုင်းတာသတ်မှတ်သွားကြရန်ဟူသော ရည်ရွယ် ချက်ဖြင့် ဖြစ်ပါသည်။

ယင်းစာချုပ် ချုပ်ဆိုသောကာလပိုင်းတွင် မြန်မာနိုင်ငံသည် နှစ်နိုင်ငံ နယ်ခြားလုံခြုံရေးဆိုင်ရာပြသာနာများကို ရင်ဆိုင်ဖြေရှင်းနေရသည့် ကာလပိုင်း ဖြစ်သည်။ ဂျင်နရယ် လီမီ ဦးဆောင်သော ကူမင်တန်တပ်များသည် မြန်မာ နယ်ခြားတွင် ဝင်ရောက်တပ်စွဲရုံမျှမက ဘိန်းစိုက်ပျိုးရောင်းချခြင်းတို့ကို ပြုလုပ် နေခဲ့ကြသည်။ တစ်ချိန်တည်းတွင် ပြည်ပတပ်အချို့သည် နယ်ခြားရှိ မြန်မာ့ နယ်မြေအချို့သို့ ချဉ်းနှင်းဝင်ရောက်ခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ သည် နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာခြင်းတို့ကို မဖြစ်ဖြစ်အောင် စတင်ဆောင် ရွက်ခဲ့သည်။ အခက်အခဲများကြားမှ နှစ်ဖက်တူညီသော အကျိုးရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။ နှစ်နိုင်ငံနယ်နိမိတ်တိုင်းတာပြီးစီး၍ နှစ်နိုင်ငံနယ်နိမိတ် စာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း မြန်မာ-တရုတ် ချစ်ကြည်ရေးသည် ထူးခြားစွာ ပြောင်းလဲတိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ် သော တရုတ်-မြန်မာ စင်္ကြံလမ်း (China-Myanmar Economic Corridor-CMEC) ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ တရုတ်နိုင်ငံအပေါ် ယုံကြည်အားကိုးမှု အပြည့်နှင့်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။ စင်္ကြံလမ်းပူးတွဲကော်မတီကို တည်ထောင် ခဲ့ပြီးဖြစ်ပါသည်။ စင်္ကြံလမ်းအစီအစဉ်အရ ယူနန်ပြည်နယ်နှင့် မန္တလေးမြို့ကို ဦးစွာ ဆက်သွယ်ပြီး၊ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်သို့တစ်ကြောင်း၊ ကျောက်ဖြူသို့တစ်ကြောင်း၊ လမ်းကြောင်းနှစ်ခု ပြုလုပ်သွားရန် ရှိပါသည်။

မန္တလေးမြို့မှတစ်ဆင့် ကျောက်ဖြူသို့ဆက်သွယ်သည့်လမ်းကြောင်းသည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုံကို ဖြတ်သန်းသွားမည်ဖြစ်ပါသည်။ ရိုးသား သည့်တောသူတောင်သားများ နေထိုင်ရာဒေသများဖြစ်သဖြင့် ရပ်ဝန်းနှင့် ပိုး လမ်းမစီမံကိန်းကြီး၏ ဤအစိတ်အပိုင်းအနေဖြင့် အဆင့်မြင့်အောင်မြင်မှု၊ ရပ်တည်နိုင်မှုတို့သည် ဤဒေသတွင်း ပြည်သူလူထု၏ ယုံကြည်ထောက်ခံ အားကိုးမှု များစွာပေါ်တွင် တစ်နည်းတစ်ဖုံအားဖြင့် အခြေပြုပါသည်။ သို့ပါ၍ စင်္ကြံလမ်းတစ်လျှောက်တွင် ပြည်သူတို့၏မေတ္တာကို ခံယူနိုင်မည့်လုပ်ငန်းများ ကို ကြိုတင်ဆောင်ရွက်ထားသင့်ပါသည်။ ဒေသတွင်း နယ်လှည့်ဆေးဝါးကုသ ပေးခြင်းလုပ်ငန်း၊ ယူနန်ပြည်နယ်တွင် လွန်ခဲ့သော (၃) (၄) နှစ်ခန့်က ပြုလုပ်ခဲ့ သည့် ဆင်းရဲမှုလျော့ချရေးအစီအစဉ် (Poverty Alleviation Program) စသည့် တို့သည် စင်္ကြံလမ်းကြောင်း ပြည်သူတို့၏ ယုံကြည်အားကိုးမှုကို ဖန်တီးစေ သည်သာမက လူမှုဖွံ့ဖြိုးရေးနှင့် ကျန်းမာရေးကဏ္ဍတို့ကို တိုးတက်စေမည် ဖြစ်ပါသည်။ ထိုမျှမက စင်္ကြံလမ်းတစ်လျှောက်နေရာများသည် ဆွေမျိုး ပေါက်ဖော်တို့၏ ခေတ်မီစိုက်ပျိုးရေးပညာ၊ ရင်းနှီးမြှုပ်နှံမှုတို့ကို အကြောင်းပြု၍ စိုက်ပျိုးရေးအထွက်ကောင်းဒေသများအဖြစ် ပြောင်းလဲသွားနိုင်ပါသည်။ ဒေသ စိုက်ပျိုးရေး ထုတ်ကုန်များ ထားရှိရန်အတွက် ကုန်ခြောက်ဆိပ်ကမ်း (Dried Port) များ တည်ဆောက်ခြင်းသည် ကောင်းသောအစီအစဉ်များ ဖြစ်ပါသည်။

အထက်ဖော်ပြပါ တင်ပြချက်များသည် မြန်မာ-တရုတ် စင်္ကြံလမ်း အတွက် အရေးကြီးဆုံးသော အချက်ဖြစ်ပါသည်။ ဒုတိယအရေးကြီးဆုံးသော အချက်မှာ နှစ်နိုင်ငံနယ်ခြားတည်ငြိမ် အေးချမ်းရေး (Peace and Tranquility ) ကိစ္စဖြစ်သည်။ ဤဒေသတွင် တည်ငြိမ်အေးချမ်းမှုမရှိပါက စင်္ကြံလမ်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့်အနေအထား မရှိပါ။ မြန်မာ အာဏာပိုင်များအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြားသကဲ့သို့ အရေးယူဆောင်ရွက်မှုများ ပြုနေသော်လည်း ဆန့်ကျန်သူ အဖွဲ့အချို့က လိုက်နာခြင်းမရှိသည်ကို တွေ့မြင်နေရသည်။ ဤအတောအတွင်း တရုတ်အာဏာပိုင်များ၏ အစီအစဉ်ဖြင့် ဆန့်ကျင်ဖက်ပြုနေသော အဖွဲ့အစည်း များအနေနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်လာပါက မြန်မာအာဏာပိုင်များ အနေဖြင့် အကျိုးတူလိုက်လျောညီစွာ ဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ပါ သည်။
မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်သော နယ်ခြားရှိ ဆန့်ကျင်ဖက် အဖွဲ့အစည်းများအပေါ် မည်သူတို့က ဩဇာညောင်းမှုရှိသည်ဆိုသည့်အချက်ကို သိရှိထားသည့်နည်းတူ တရုတ်-မြန်မာ ချစ်ကြည်ရေးသည် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆိုသည်ကို မြန်မာပြည်သူများက သိရှိနားလည် ထားကြပါသည်။ တရုတ်-မြန်မာ စင်္ကြံလမ်းကြောင်းကြောင့် မြန်မာနိုင်ငံ ကြီးပွားချမ်းသာ သွား ခဲ့လျှင် “တရုတ်နိုင်ငံကြောင့်”ဟူ၍ ပြောဆိုနိုင်ကြသကဲ့သို့ နယ်ခြား မတည် မငြိမ် အခြေအနေများကြောင့် မြန်မာနိုင်ငံတွင် အားနည်ချက်များ ဖြစ်ပေါ် သွားခဲ့သော် “တရုတ်နိုင်ငံကြောင့်” ဟူ၍ ပြောဆိုကြမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ အရေးပါဆုံးသော အချက် (၂) ချက်တို့အပြင် သဘာဝ ပတ်ဝန်းကျင်နှင့် အစိမ်းရောင်အခြေခံအဆောက်အဦး တိုးတက်မှုများကို ဖော်ဆောင်မှုပြုခြင်းနှင့် စီမံကိန်းများ စတင်ခြင်းမပြုမီ EIA (Environmental Impact Assessment) SIA (Social Impact Assessment) နှင့် PIA (Political Impact Assessment) ဟူသည့်သုံးသပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်နိုင် ခြင်းတို့သည် အနာဂတ်ကာလတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မျှဝေခံစားနိုင်သော တန်ဖိုမြှင့် BRI ဖွံ့ဖြိုးနိုင်ရေးကို မလွဲမသွေ ရောက်ရှိစေမည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်မြဲ ပါစေ။ တရုတ်နိုင်ငံ၏ အဖက်ဖက်မှနားလည်ကူညီပေးမှုတို့ဖြင့် တရုတ်-မြန်မာ စင်္ကြံစီမံကိန်း အမြန်ဆုံးအကောင်ထည်ဖော် အောင်မြင်ပါစေရန် ဆုတောင်းအပ် ပါသည်။

ကျေးဇူးတင်ပါသည်။